Nov 10, 2011

အခြမ်းပျောက်လမ်း

အခြမ်းပျောက်လမ်း
****************


ကျွန်တော်က အခြမ်းပျောက်တဲ့ လမ်းမှာစမ်းတ၀ါးဝါး ဖြစ်နေသူပါဗျာ။ ရယ်ပါ။ ရယ်ကြပေါ့၊ ခင်ဗျားတို့က ရယ်နိုင်သူတွေကိုး။ ကျွန်တော်ပြောတဲ့ အခြမ်းပျောက် ဆိုတာ ခကွေးယပင့်နဲ့ ချမ်းတာကို ပြောနေတာ မဟုတ်ဘူးဗျာနော်။

ခကွေးယရစ်နဲ့ ခြမ်းတာကို ပြောနေတာ။ ဟုတ်ပါတယ်။ ပြောပါမယ်။ ခင်ဗျားတို့က ကျွန်တော်ပြောရင် ဟား ဖို့ပဲစဉ်းစားနေသူတွေကိုဗျ။ ကျွန်တော်က ဟိုးရှေးရှေးခေတ် ဂရိဒဏ္ဍာရီထဲက အဖြစ်အပျက်ကို အခြေခံပြီး ပြောနေတာ။

ခင်ဗျားတို့က ကျမ်းကိုးပါမှ ကြိုက်တဲ့လူတွေ။ ဒါပေမယ့် ကျမ်းကိုးနဲ့ ပြောရင်ခင်ဗျားတို့က ဟားကြ ဦးမှာဘဲ။ အင်္ဂလိပ် စကားမှာ Their Other Half ဆိုတဲ့ စကားရှိတယ်။

ဂရိ ဒဏ္ဍာရီရဲ့ အလိုသဘော အပြောက

          ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးခု၊ ခြေလေးချောင်း ရှိတဲ့ သတ္တ၀ါဖြစ်တယ်တဲ့ဗျ။

          အဲသည်လူရဲ့ ခန္ဓာကိုယ်က မက်မက်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်း ဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။

          လမ်းလျှောက်တဲ့အခါ လူဟာ မက်မက်လျှောက်ပေမယ့် ပြေးတဲ့အခါ လက်လေးခုကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။

          အဲသည် လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့ လည်းကြိုးစားတယ်။

          အဲသည်လိုဆိုတော့….

နတ်တွေရဲ့ အကြီးအမှုးဖြစ်တဲ့ ဇု နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။

          ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး လူ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လိုအကြံပြုသလဲ ဆိုတော့ လူသတ္တ၀ါတွေကို နတ်လက်နက်နဲ့ ပစ်သတ်ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တချို့ကတော့လည်း ဟာ…ဘယ်သတ်ပစ်လို့ဖြစ်မှာလဲ။ လူတွေကို အကုန်သတ်ပစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမည့်သူများ မရှိကြတော့တဲ့ အဖြစ်ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ် ဖြိုခွင်းလို့တော့ မဖြစ်သေးဘူး လို့ဆိုတော့….

          ဇု နတ်မင်းကြီးနဲ့တကွ နတ်တွေက အပြန်ပြန် အလှန်လှန် တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇု နတ်မင်းကြီးက ဘာပြောသလဲဆိုတော့…

          နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်ဖို့မလို။ လူကို အားနည်းအောင် ပြုလုပ်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင်ကြမည်မဟုတ်။ လူကိုအားနည်းသွားအောင် မည်သို့ပြုလုပ်ရမည်နည်းဆိုလျှင်…

          ခြေလေးချောင်း၊ မျက်နှာနှစ်ခု၊ လက်လေးချောင်း ရှိနေသော လူ၏ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်ရန်သာဖြစ်သည်။

          ထိုသို့ပြုလျှင် လူသတ္တ၀ါတွေလည်း မပျက်မဆီးဖြစ်မည်၊ ငါတို့လည်း အေးချမ်းမည်။ ထိုမျှသာ မကသေး လူဦးရေလဲ တိုးလာနိုင်မည် ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက်ပင်ပို၍ အပူဇော်အပသကို ခံကြရလိမ့်မည်။

          လူသတ္တ၀ါတို့သည် ယခင်က ခြေလေးချောင်းထောက်၍ လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ချောင်းသာထောက်၍ လမ်းလျှောက်စေရမည်။

          နတ်မင်းကြီး ဇု က အဲသည်လို ပြောဆို မိန့်မြွက်ပြီးတော့ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်တယ်။ ခွဲပစ်လိုက်တော့ လူဟာအခုလို ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ မျက်နှာတစ်ခုနဲ့ လူဖြစ်လာတာ….

          လူတွေကို ထက်ခြမ်းခွဲလိုက်တော့ လူတွေလည်းများသွားမှာပေါ့ဗျာ။

          လူဟာ သူ့ဘ၀ သူ့ခန္ဓာကိုယ်က အခွဲခံလိုက်၇တဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။ တွေ့ဖို့သိပ်တောင့်တတယ်။ ဒါကြောင့် သူ့ကိုက အခွဲခံလိုက်ရတဲ့ အခြမ်းကို အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့။ အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူ့ဆီက အခွဲခံလိုက်ရတဲ့ အခြမ်းကို ပြန်ပြီး တွေ့ချင်၊ ဆုံချင်၊ မြင်ချင်မှာပေါ့။ သည်တော့ တစ်ဖက်က အခြမ်းကလည်း သူ့ဆီက အခွဲခံလိုက်ရတဲ့ အခြမ်းကို တွေ့အောင်ရှာနေမှာပါပဲ။ အမြဲရှာနေမှာပါပဲ။

          ရှာလို့တွေ့ကြတဲ့ အခါမှာ တစ်ခြမ်းက အခြားတစ်ခြမ်းကို မခွဲနိုင်မခွာရက် ပွေ့ဖက်ထားကြတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ပွေ့ဖက်ခြင်းလို့ဆိုရမလားပဲ။
          ကျွန်တော်လည်း ကျွန်တော့်အခြမ်းကို လိုက်လံရှာဖွေခဲ့တာပေါ့ဗျာ။ ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာက အခြမ်းမှားကိုချည်း တွေ့ခဲရတယ်။ ကိုယ့်အခြမ်းလို့ပဲ ထင်မိလိုက် ယုံစားလိုက်ဖြစ်ပြီး ခဏကြာတော့ မဟုတ်မှန်းသိလာလိုက်နဲ့ စိတ်ညစ်ပါတယ်။

          ပြောရဦးမယ်။

          အခြမ်းတစ်ခြမ်းကို ကိုယ့်အခြမ်းပဲလို့ ထင်ခဲ့တဲ့အဖြစ်ကို ပေါ့ဗျာ။

    အဲ့အဒီအချိန်က သူမ ရဲ့အခြမ်းလို့ထင်တဲ့ အခြမ်းတစ်ခြမ်းက သူများ အခြမ်းဖြစ်သွားတဲ့ အချိန်ပေါ့ ။ သူမ ၀မ်းနည်းနေတဲ့ အချိန် ကျွန်တော်က သူမဘေးကို ရောက်သွားတယ် အားပေးတယ် ။ ဒီလို တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ရင်းနှီးလာတယ် ။ သူမကိုလည်း ကျွန်တော်ရဲ့ အခြမ်းလို့တဖြည်းဖြည်းထင်လာမိတယ် ။ သူမကို ကျွန်တော်က မင်းက ငါ့အခြမ်းလားလို့မေးလိုက်တိုင်း ပြုံးတဲ့ သူမရဲ့ ရှက်ပြုံးလေးကို အခုထိမှတ်မိတုန်းပဲ ။ ကျွန်တော်ကလည်း ကျွန်တော့် ကိုယ်ပွား ကျွန်တော့်ရဲ့အခြမ်း၊ ပျောက်နေတဲ့ ဘ၀တစ်ခြမ်းကို ပြန်တွေ့၇တယ်ဆိုတဲ့ အစွဲအလမ်းနဲ့ သိပ်ချစ်တာပေါ့။သိပ်သိပ်ကို ချစ်ရတာပေါ့။ အခုမှပြန်တွေ့ရတယ်လို့ ယုံကြည်ထားတဲ့အခြမ်းလေး အတွက် လိုလေသေးမရှိ ရအောင် အတတ်နိုင်ဆုံးကြိုးစားရင်းပေါ့ ။

    ဒီလိုနဲ့ကျွန်တော့်ပျောက်နေတဲ့အခြမ်းလေးကို လာလုတဲ့ သတ္တ၀ါအချို့ပေါ်လာသေးတယ် ။ ဒါပေမဲ့ အခြမ်းကလေးက သူတို့တွေရဲ့အခြမ်းမဟုတ်ပါဘူး ဆိုပြီး ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကို ပြန်ပြောတယ် ။ ကျွန်တော်အခြမ်း အစစ်ပါပဲလို့ အတည်ပြုတဲ့သဘောပေါ့။

          အခုတော့ ကျွန်တော် ဇု နတ်မင်းကြီးကိုပဲ အပြစ်တင်ရမလား။ အခြမ်းရှာမှားတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား မသိတော့ဘူး။ မရယ်ပါနဲ့ဗျာ။ ရယ်မပစ်ပါနဲ့ဦး။ ဇု နတ်မင်းကြီးခွဲဖြတ်ပစ်လိုက်တုန်းကထက် အခု…သူကိုယ်တိုင်က ကျွန်တော့်ဆီက ခွဲဖြတ်သွားတာ ပိုပြီးနာကျင်ရတယ်ဗျာ။ ရက်စက်လွန်းတယ်။ ခံရတဲ့ဝေဒနာကလည်း ပြင်းထန်လွန်းတယ်။ ခါးသည်းလွန်းတယ်။ ကျွန်တော်ဟာ သူ့အခြမ်းမဟုတ်ဘူးတဲ့။ အကြောင်းပြချက်မျိုးစုံကိုပြပြီး ကျွန်တော့်ဆီက ခွဲထွက်သွားတယ်။

          ပြောပြီကောဗျာ မရယ်ပစ်ပါနဲ့လို့။

          အခု သူ သူများရဲ့ အခြမ်းဖြစ်နေပြီဗျ။ ကျွန်တော်ကတော့ သူဟာ ကျွန်တော့်ရဲ့ မူပိုင်အခြမ်း။ အစစ်အမှန်အခြမ်း။ ကျွန်တော့် အခြမ်း….သည်လိုထင်နေဆဲပဲဗျာ။

          ဒါပေမယ့် ကျွန်တော် ဘာတက်နိုင်မှာလဲ။ အခုတော့ ကျွန်တော်က အခြမ်းပျောက်လမ်းမှာ စမ်းတ၀ါးဝါးနဲ့ပါ။ လျှောက်လှမ်းနေတဲ့ လမ်းမှာ မပြည်စုံတဲ့အခြမ်းပဲ့ဘ၀ ဆိုတော့ အင်တွေအားတွေလည်းမရှိဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့တကယ် အစစ်အမှန် အခြမ်းလို့ထင်တာ။ထင်ကိုထင်နေတာ။ ယုံကိုယုံနေမိတာ။ နောက်နောက် အခြမ်းတွေ၊ တစ်ခြားအခြမ်းတွေက ကျွန်တော်မယုံတဲ့ အခြမ်းတွေ ကျွန်တော်ချစ်လို့မရနိုင်တဲ့ အခြမ်းတွေပါ။

          အေးဗျာ ဇုနတ်မင်းကြီး ကြားနိုင်တယ်ဆိုရင်တော့ ကျွန်တော်က အော်ပြောလိုက်ချင်တယ်။ နတ်မင်းကြီးရယ်၊ ကျွန်တော့်ကို ခွဲခြမ်းစိတ်ဖြာလိုက်တုန်းက တကယ်ဆို သူ့ကိုမှာ သိသာတဲ့ အမှတ်အသားလေး တခုခုတော့ ရေးမှတ်ပေးလိုက်ပါလားလို့။ လက်မှက်လေး တချက်တော့ ထိုးပေးလိုက်ပါလားလို့၊ ခုတော့ ရက်စက်လွန်းတယ်ဗျာ လို့အော်အော်ပြီး ပြောလိုက်ချင်တယ်။

          ကဲ… သွားမယ်။။ နှုတ်ဆက်ပါတယ်။ကျွန်တော်မကြားနိုင်တဲ့နေရလောက်ရောက်တေါ့မှ ခင်ဗျားတို့ရယ်ပါ။ အားရအောင်ရယ်ကြပါဗျာ။

          အခြမ်းပျောက်သော အထက်ပါပုဂ္ဂိုလ် ထွက်ခွာသွါးသောအခါ သူတို့ကပလေတိုရေး သားပြုစုသည့် Symposium ၌ လာရှိသောမေတ္တာသဘောကို အလေးအနက် ဆွေးနွေးကြသည်ဟု ဆိုပါသည်။ အကြိတ်အနယ် ဆွေးနွေးကြပြီးနောက် မေတ္တာသည် ပလေတို၏ Symposium စာအုပ်ထဲ၌ သာ စကားလုံးများအဖြစ် ရှိနေကြောင်း သူတို့အားလုံး သဘောတူ ဆုံးဖြတ်ချတ်ချကြသည်ဟုဆိုပါသည်။     ။



မှတ်ချက် ။     ။ ဖတ်ဖူးမှတ်ဖူးသော စာတိုကလေးများကို အနည်းငယ်ပြင်ဆင်၍ ရေးသားထားခြင်းဖြစ်သည် ။

0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More