Nov 10, 2011

သူမသည်


သူမသည် နွေးထွေး၍ ချစ်စဖွယ်ကောင်းသော ယုန်မလေး တစ်ကောင် ဖြစ်သည်
ထို့အတူ သူမသည် သွေးအေးစွာ ဆက်ဆံတတ်သော ကျားမလေး လည်းဖြစ်သည်
သူမသည် သင်းပျံ့သော မွှေးရနံ့သင်းသော နှင်းဆီပန်းကလေး တစ်ပွင့် ဖြစ်သည်
ထို့အတူ သူမသည် ဆူးများကို အရွက်များနှင့် ဖုံးထားသော ပန်းကလေးလည်း ဖြစ်သည်
သူမသည် ဒဏ်ရာရဖူးသော စာကလေးတစ်ကောင်ဖြစ်၍ ဒဏ်ရာရနေသော ကျားသစ်မလေးလည်းဖြစ်သည်



သူမသည် အစွန်းမရှိသော စက္ကူဖြူဖြူ တစ်ရွက် ဖြစ်သော်လည်း
သူမသည် သရုပ်ဆောင်ကောင်းသော မင်းသမီးတစ်လက် လည်း ဖြစ်သည်
သူမသည် အစိမ်းရောင်ကို ရွံ့မုန်းသူတစ်ယောက် ဖြစ်သော်လည်း
သူမသည် သူမ ကိုယ်တိုင်ပင်လျှင် အစိမ်းရောင် ဖြစ်နေတတ်ပြန်သည်
သူမသည် ရိုးရှင်းသော ညီမျှခြင်း တစ်ကြောင်းဖြစ်သော်လည်း
သူမသည် ကျွန်တော် ယနေ့တိုင်အဖြေရှာမရသော ပုစ္ဆာတစ်ပုဒ် လည်းဖြစ်နေပြန်သည်

သူငယ်ချင်းများ အားလပ်ရက်တွင် လျှောက်လည်မည်ဟုခေါ်သည့် အခါတွင်လည်း
တစ်ရက်တိတိ အချိန်ယူ၍ ထမင်းချက်မည် ဟူသော အတွေးကိုတွေးတတ်သည့်
အူကြောင်ကြောင် ကောင်မလေး တစ်ယောက်ဖြစ်သည်
သူမ၏ အ တတ အတွေးခေါ်များကို ကျွန်တော် ထောက်ပြတိုင်း
"နင်ကလဲ အဲ့ဒီလိုတော့ မပြောပါနဲ့ဟယ်" ဟူသော
စကားကိုလက်ကိုင်ထားသူ တစ်ဦးလည်း ဖြစ်သည်
သူမသည် သူငယ်ချင်းများထဲတွင် ကျွန်တော်၏ အမည်ကို တစ်လုံးမကျန်အောင်
အပြည့်အ၀ခေါ်တတ်သည့် တစ်ဦးတည်းသောလူလည်း ဖြစ်သည်

ထိုကဲ့သို့
နားလည်ရန်ခက်ခဲသော ....
ဖော်ရွေသော သွေးအေးသော ...
အူကြောင်ကြောင်နိုင်သော ပါးနပ်သော ....
ဖြူစင်သော သရုပ်ဆောင်တတ်သော မင်းသမီးလေးကို

ကျွန်တော် အရူးအမူး ချစ်သည် ချစ်ခဲ့သည် ချစ်ခဲ့ဖူးသည် ချစ်နေဆဲဖြစ်သည် .......


(ပြီးဆုံးခြင်းမရှိသေးပါ)

0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More