Dec 3, 2011

“ အမှတ်တရ ပုဒ်မ ”



(၁) လေထုထဲတွင် “အမှတ်တရ” တစ်ချို့လောင်ကျွမ်းနေသည် ။ ထိုလောင်ကျွမ်းမှုအတွက် (ဖြစ်နိုင်လျှင်) သက်ဆိုင်သူ အားလုံးကို တရားစွဲဆိုချင်ပါသည် ။ မည်သည့် ပုဒ်မနှင့် အရေးယူ ရမည် ကို ကျေးဇူးပြု၍ ဖြေကြားပေးကြပါ ။

(၂)
“အမှန် နှင့် အမှား” ဟူသည် စည်းတစ်ကြောင်းသာ ခြားသည် ဟူ၍ ကျွန်တော် မှတ်သားဖူးပါသည် ။


ထို့ကြောင့် ကျွန်တော့်၏ လက်ဖ၀ါးအား စည်းတစ်ခုအသွင် သဘောထား၍ အမှန်နှင့် အမှား အားချရေးကြည့်သည် ။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ ကျွန်တော် ပြသောအမှန်သည် အခြားတစ်ဖက် (သူမဘက်) တွင် အမြဲဆိုသလို အမှား ဖြစ်နေခြင်းပင် ဖြစ်သည် ။ ထိုကိစ္စအား “ကံကြမ္မာ” ဟူသော ခပ်ညံ့ညံ့ ငနဲတစ်ကောင်အပေါ်တွင် ကျွန်တော် (လုံးဝ) အပြစ်ဖို့လိုခြင်း မရှိပါ ။ အပြစ်ဆိုချင်းဆိုရလျှင် စာရွက်တစ်ရွက်၏ စာမျက်နှာတစ်ဖက်တည်းကိုသာ လှန်လှော၍ အပေါ်ယံ ရှပ်ဖတ်တတ်သော သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုသာ အပြစ်ဆိုရပေလိမ့်မည် ။

(၃)
အရိုင်းအစိုင်းတစ်ကောင်အား ယဉ်ပါးစေခဲ့သော “မှော်ဆန်ဆန် တီးလုံးများ” ကိုလည်း ကျေးဇူးတင်ပါသည် ။


မည်သို့ပင် ဆိုစေကာမူ မထင်မှတ်သော တီးလုံးများ၏ တွဲဖက်မှုအမှားတွင် ထိုမှော်ဆန်သော ဂီတသည် ကမ္ဘာပျက်တီးလုံး တစ်ခု ဖြစ်သွားရခြင်း သာဖြစ်သည် ။ ထို့ကြောင့် ဖြစ်နိုင်လျှင် (ချစ်သူနှစ်ဦး၏ ) နားများကို ပိတ်ထားစေလိုသည် ။ သင်တို့၏ နားထဲတွင် ကမ္ဘာဖျက် တီးလုံး များ၏ အသံများ ကင်းဝေး စေလိုသော စေတနာ ဖြစ်ပါသည် ။

(၄)
တိုက်ဆိုင်မှုများ၏ အနားသတ်အဆုံးတွင်တော့ ကျွန်တော်တို့၏ “အမှတ်တရ” များကို မီးခိုးငွေ့များ အဖြစ်သာ မြင်ရတော့မည် ဖြစ်သည် ။ ထိုကိစ္စအား ကျွန်တော် လုံးဝ (လုံးဝ) ကျေနပ်ခြင်းမရှိပါ ။ ထို့ကြောင့် (အားလုံး၏ ကိုယ်စား) ဖြစ်နိုင်လျှင် သက်ဆိုင်သူ အားလုံးကို တရားစွဲဆိုချင်ပါသည် ။
သင်တို့၏ တာဝန်က ကျွန်တော့်ကိုယ်စား မည်သည့်ပုဒ်မနှင့် တရားစွဲ ဆိုရမည် ကို ဖြေကြားပေးရန်သာ ဖြစ်ပါသည် ။


0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More